ရာသီတုပ်ကွေးရောဂါနှင့် ဆောင်ရန်ရှောင်ရန်နည်းလမ်းများ

ဆောင်းပါးရှင် - ပေါက်ပေါက်

ရာသီတုပ်ကွေးရောဂါ (Seasonal Flu) သည် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး (Influenza) ကြောင့်ဖြစ် ပွားပြီး အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်သည်။ ထိုဗိုင်းရပ်စ်သည် မိုးဦးရာသီ၊ ဆောင်းဦး ရာသီ နှင့် အေးသောရာသီဥတုတွင် ပေါက်ပွားပြန့်ပွားနှုန်းများသည်။ ထို့ကြောင့် ပတ်၀န်းကျင်ပြင်ပနှင့် ထိတွေ့ဆက်ဆံမှုများလျှင် ကူးစက်ရန်လွယ်ကူပြီး အကယ်၍ ကိုယ်ခံအားမကောင်းပါက အလွယ်တကူ ကူးစက်ခံရနိုင် သည်။

မိမိကြောင့် အများကိုကူးစက်နိုင်

ကမ္ဘာပေါ်၌ ပျံ့နှံ့ကူးစက်မှုအမြန်ဆုံးနှင့် အဖြစ်အများဆုံးသောရောဂါ များတွင် ရာသီတုပ်ကွေးရောဂါ (Seasonal Flu) လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ လူတစ်ဦးသည် မိုးဦးရာသီ သို့မဟုတ် ဆောင်းဦးရာသီတွင် ပျမ်းမျှအားဖြင့် အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် တုပ်ကွေးရောဂါဖြစ် တတ်သည်။ အအေးမိတုပ်ကွေးဖြစ်နေသူတစ်ယောက်သည် တစ်သျှူး အုပ်၍ နှာချေ၊ ချောင်းဆိုးသင့်ပြီး ထိုတစ်သျှူးကို အမှိုက်ပုံးထဲသို့ စနစ် တကျစွန့်ပစ်သင့်သည်။ လက်ကိုင်ပဝါဖြင့်အုပ်၍ နှာချေ၊ ချောင်းဆိုးသော အခါ ဗိုင်းရပ်စ်ပိုးက ထိုလက်ကိုင်ပဝါထဲတွင် နှစ်နာရီ သုံးနာရီကြာသည် အထိ အသက်ရှင်နိုင်သည်။ အကယ်၍ လူအများကြားထဲ နှာချေ၊ ချောင်းဆိုးပါက တုပ်ကွေးဗိုင်းရပ်စ်ပိုးများ တစ်ပေ နှစ်ပေခန့်အထိ ပျံ့နှံ့သွားပြီး ထိုအချိန်တွင် ပတ်၀န်းကျင်မှ ကိုယ်ခံအားနည်းသူထံ ထိုဗိုင်းရပ်စ်ပိုးများ အလွယ်တကူ ကူးစက်နိုင်သည်။

ရောဂါလက္ခဏာများ

ဖျားခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည် ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားအသောက် ပျက်ခြင်း စသည်တို့သည် ရာသီတုပ်ကွေးရောဂါလက္ခဏာများဖြစ်သည်။ ရံဖန်ရံခါ အဖျား၀င်လာပြီး သလိပ်များပျစ်ခဲလာခြင်း၊ ချွဲသလိပ်များဝါလာခြင်းဖြစ်နိုင်သည်။ ထိုအခြေအနေမျိုးတွင် ပိုးသတ်ဆေးသောက်မှ ရောဂါပျောက်နိုင်သည်။ လူအများစုက အိမ်မှာပင် သာမန်အကိုက်အခဲ ပျောက်ဆေးသောက်၍ ရောဂါကို လက်ပူတိုက်ကုစားတတ်ကြ သော်လည်း တော်တော်နှင့်မပျောက်နိုင်ဘဲ ရောဂါပြင်းမှသာ ဆေးရုံ၊ ဆေးခန်းသို့ ရောက်လာတတ်ကြသည်။ အခန့်မသင့်ပါက အသက်ဆုံးရှုံး ရနိုင်သည့် သာဓကများတွေ့ရသည်။ အမှန်စင်စစ် တုပ်ကွေးရောဂါသည် သာမန်အအေးမိရောဂါထက် ပိုမိုပြင်းထန်၍ အဖျားကြီးကာ အဖျား တာရှည်စေသည်။ ပျမ်းမျှ အသက်ခြောက်လနှင့်အထက်မှစ၍ ဖြစ်နိုင် သည်။ ထို့ကြောင့် ကာကွယ်ဆေးကြိုတင်ထိုးနှံထားသင့်သည်။ လူကြီး၊ လူငယ်မရွေးဖြစ်နိုင်ပြီး အကယ်၍ အဆုတ်ရောင်ရောဂါ၊ နားပြည်ယို၊ ထိပ်ကပ်နာနှင့် ရေဓာတ်ခန်းခြောက်ရောဂါအခံရှိသူများ ရာသီတုပ်ကွေးဖြစ်လာပါက အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ ကူးစက် လွယ်ရောဂါတစ်မျိုးဖြစ်သဖြင့် လူနာကိုထိတွေ့ကိုင်တွယ်ခြင်း၊ တံတွေး နှင့် သလိပ်ကိုထိတွေ့မိခြင်း၊ လူနာက နှာချေ၊ ချောင်းဆိုး၊ စကားပြောစဉ် ဗိုင်းရပ်စ်ပါလာသောလေများကို ရှူရှိုက်မိရာမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်သဖြင့် သတိနှင့်ယှဉ်၍ကာကွယ်ခြင်းဖြင့် လက်ဦးမှုကို အရ ယူရပါမည်။ အထူးသဖြင့် ရာသီတုပ်ကွေးရောဂါကို ပြင်းထန်စွာခံစားရ နိုင်သည့် ကိုယ်၀န်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အို များ၊ နာတာရှည်ရောဂါအခံရှိသူများနှင့် ရောဂါကူးစက်မှုခံရနိုင်ခြေ များပြားသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် နှစ်စဉ် ရာသီတုပ်ကွေး ရောဂါကာကွယ်ဆေးထိုးနှံမှုကို ခံယူထားသင့်သည်။

ဆောင်ရန် ရှောင်ရန်နည်းလမ်းများ

ကိုယ်ခံအားကောင်းသူ၊ ကြိုတင်ကာကွယ်ဆေးများဖြင့် လက်ဦးမှု အရယူနိုင်သူများမှာရာသီတုပ်ကွေးဖျားနာခြင်းကြောင့်အသက် အန္တရာယ်မစိုးရိမ်ရသော်ငြား အဖျားပျောက်ပြီးချောင်းတဟွတ်ဟွတ်စွဲကျန်ရစ်ခဲ့ကာမိသားစု၀င်များနှင့်ပတ်၀န်းကျင်ရှိသူများကိုလက်ဆင့်ကမ်းမကူးစက်ရလေအောင် အောက်ပါနည်းလမ်းအသွယ်သွယ်တို့ဖြင့် အသိပေးလိုပါသည်။

လူအများက ဖျားနာသည့်အခါ ကိုဗစ်-၁၉ ရောဂါလား၊ ရာသီတုပ်ကွေး လား ဝေခွဲမရ အတွေးမှားတတ်ကြရာ ကွဲကွဲပြားပြားသိစေရန် ထိုရောဂါ နှစ်မျိုး၏ ထင်သာမြင်သာလက္ခဏာတချို့ကို အကြံပြုလိုပါသည်။ ကိုဗစ်-၁၉ ရောဂါသည် လည်ချောင်းနာခြင်း၊ ချမ်းတုန်ခြင်း၊ မျက်စိနီ ခြင်း၊ အသက်ရှူကျပ်ခြင်း စသည်တို့ဖြစ်စေပြီး အဖျား ၁၀၀ ဒီဂရီပတ်၀န်းကျင်ရှိသည်။ ရာသီတုပ်ကွေးသည် ခေါင်းကိုက်ခြင်း၊ နှာရည်ယို ခြင်း၊ ချောင်းဆိုးခြင်း၊ တစ်ကိုယ်လုံးအဆစ်အမျက်ကိုက်ခဲခြင်း စသည် တို့ဖြစ်စေပြီး ကိုယ်အပူချိန်မှာ ၁၀၁၊ ၁၀၂ ဒီဂရီအထိ အဖျားကြီးသည်။ သွေးစစ်ကြည့်ရာ သွေးထဲတွင် ဗိုင်းရပ်စ်ဝင်သောလက္ခဏာမျိုးတွေ့ရ သော်လည်း အဆုတ်ထိခိုက်နှုန်းမရှိပေ။ ကိုယ်ခံအားကောင်းလျှင် ပျမ်းမျှ သုံးရက်နှင့် ငါးရက်ကြား ရောဂါပျောက်ကင်းနိုင်သည်။

အချုပ်အားဖြင့်ဆိုသော် ရာသီတုပ်ကွေးရောဂါသည် ကိုဗစ်-၁၉ ရောဂါ ကဲ့သို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော်လည်း ရာသီ တုပ်ကွေးရောဂါကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားခြင်းဖြင့် ရောဂါ ဖြစ်နိုင်ခြေအလားအလာလျော့ကျစေပါမည်။ ထို့ပြင် ကိုယ်ခံအားကောင်း အောင် အထက်ဖော်ပြပါနည်းလမ်းကောင်းများအတိုင်း စားသောက် နေထိုင်ရင်း အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပျံ့နှံ့လာသော Influenza တုပ်ကွေးဗိုင်းရပ်စ်များကိုလည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်း ချက်များအတိုင်း Mask တပ်ခြင်း၊ လက်ကို မကြာခဏဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ခြင်းနည်းများဖြင့် သတိရှိစေလိုသည်။ အထူးသတိပေးလိုသည်မှာ ရာသီတုပ်ကွေးဖြစ်ပွား လေ့ရှိသော ယခုကာလတွင် အအေးမိပါက ကိုယ်ခံအားကျစေပါသည်။ ထို့ကြောင့် နွေးနွေးထွေးထွေးနေပါ၊ အအေးမခံပါနှင့်၊ တိုက်ရိုက်လေ ထိတွေ့ရာနေရာ၌ မနေပါနှင့်၊ ထိုနေရာတွင် မအိပ်ပါနှင့်။ သတိဖြင့် ရေချိုးပါ။ ညအိပ်လျှင် နွေးနွေးထွေးထွေးအိပ်ပါ။ လူသားအားလုံး ကျန်းမာချမ်းသာ၍ ဘယာကင်းဝေးကြပါစေ။